မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေး အသင်း (MTHRDA) နှင့် အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်း (Center for Vocational Training – CVT) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ရှိ မင်္ဂလာခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ နားလည်မှုစာချွန်လွှာအရ နှစ်ဖက်အဖွဲ့အစည်းများသည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် သင်တန်းအစီအစဉ်များနှင့် သင်ရိုးညွှန်းတမ်း များ ပူးပေါင်းရေးဆွဲခြင်း၊ နည်းပညာနှင့် သင်ကြားရေးအထောက်အပံ့များ ပံ့ပိုးခြင်း၊ အသိပညာနှင့် အတွေ့အကြုံများ ဖလှယ်ခြင်းနှင့် ကျွမ်းကျင်မှုမြှင့်တင်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်သည်။ ထို့ပြင် ဆောင်ရွက်မည့် သင်တန်းများအားလုံးကို အမျိုးသားစံချိန်စံညွှန်းများနှင့် သက်ဆိုင်ရာ မူဝါဒများနှင့်အညီ အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

ဤနားလည်မှုစာချွန်လွှာကို MTHRDA ဥက္ကဌ ဒေါ်ဖြူဖြူတင်နှင့် CVT ၏ အမှုဆောင်အရာရှိချုပ် ဒေါ်ခင်မြတ်စန္ဒာတို့က လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အသိသက်သေများအဖြစ် MTHRDA ဒုတိယဥက္ကဌ ဒေါက်တာဒေါ်သိင်္ဂီလှမောင်နှင့် CVT ဒါရိုက်တာ ဒေါ်သွေးသွေးမောင်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

ဤပူးပေါင်းဆောင်ရွက်မှုသည် ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းကဏ္ဍများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အဖြစ် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ရပ်ကို တည်ဆောက်နိုင်ခဲ့သည့်အတွက်ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်းဖော်ပြအပ်ပါသည်။

annual meeting with MTHRDA