မြန်မာ့ အလုပ်အကိုင် ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားခြင်းဆိုင်ရာ အခွင့်အလမ်းများပြပွဲ (၂၀၂၆) ကို အလုပ်သမားဝန်ကြီးဌာနမှ ပထမအကြိမ်အဖြစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် Recreation Centre တွင် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့ပါသည်။
အဆိုပါ ပြပွဲတွင် Center for Vocational Training (CVT Myanmar) မှလည်း အခြား သက်မွေး သင်တန်းကျောင်း (၄၀) ကျော်နှင့်အတူပါဝင်ပြသခဲ့ပြီး လူငယ်များအတွက် CVT Myanmar မှ ၂၀၂၆ ခုနှစ်အတွင်းလက်ရှိအကောင်အထည်ဖော်လျက်ရှိသော သင်တန်းကြေး ၁၀၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့် အစီအစဥ် ၁၅ မျိုး ကို တက်ရောက်သူများအား အသေးစိတ်ရှင်းလင်းပြောကြား ခဲ့ပါသည်။
နေ့လယ်ပိုင်းပညာရပ်ဆိုင်ရာဆွေးနွေးပွဲများတွင် “ကျောင်းသင်ခန်းစာမှ လုပ်ငန်းခွင်ဆီသို့ အင်ဂျင် နီယာ လူငယ်တစ်ယောက်၏ ပထမ ခြေလှမ်း”၊ “ဟိုတယ်လောကတွင် အောင်မြင်ရန်လိုအပ်မည့် Core Skills များ”၊ “IT ကျောင်းသား ဘဝမှ ကမ္ဘာ့စင်မြင့်ထက်ဆီသို့” နှင့် “စာသင်ခန်းမှသည် သက်မွေးဝမ်းကျောင်း အောင်မြင်မှုဆီသို့ Soft Skills ဖြင့်ပေါင်းကူးပေးခြင်း” စသည့် ခေါင်းစဉ်များ ဖြင့် သက်မွေးသင်တန်းကျောင်းများမှ ပညာရှင်များ ဆွေးနွေးခဲ့ကြပါသည်။ ၎င်းအစီအစဥ်များထဲမှ တစ်ခုဖြစ်သော “စာသင်ခန်းမှသည် သက်မွေးဝမ်းကျောင်း အောင်မြင်မှုဆီသို့ Soft Skills ဖြင့်ပေါင်းကူးပေးခြင်း” ဆွေးနွေးပွဲခေါင်းစဥ်အား CVT Myanmar မှ Marketing, Communication and Fundraising Director ဖြစ်သူ ဒေါ် သွေးသွေး မောင် မှလည်း Panelist တစ်ဦးအဖြစ်ပါဝင်ဆွေးနွေးခဲ့ပါသည်။
ထိုပြပွဲအားလာရောက်လေ့လာသူများအနေဖြင့် သက်မွေးသင်တန်း ၄၀ ကျော်မှ သင်တန်းများကို တိုက်ရိုက် လေ့လာနိုင်ခြင်း၊ Panel Discussion များမှ အသိပညာများရရှိခြင်း၊ သက်မွေး သင်တန်း များနှင့် အလုပ်အကိုင်အခွင့် အလမ်းများ ကို တစ်နေရာတည်းတွင် ချိတ်ဆက်နိုင်ခြင်း၊ အနာဂတ် အသက် မွေးဝမ်းကျောင်း အတွက် အခွင့်အလမ်းသစ်များ ရှာဖွေနိုင်ခြင်း နှင့် One Stop Services အနေနှင့် သင်တန်းကျောင်း များမှ အခွင့်အရေးများ ရယူနိုင်သည့်အခွင့်အလမ်းများပြပွဲတစ်ခု အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပြီး ညနေ ၅ နာရီတွင် ပြပွဲအခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။
