မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်း – MRCCI နှင့် အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်း (CVT Myanmar ) တို့ နားလည်မှုစာချွန်လွှာ ရေးထိုးပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် မန္တလေးမြို့ရှိ MRCCI အသင်းချုပ် ခန်းမတွင် ကျင်းပခဲ့သည်။

နားလည်မှုစာချွန်လွှာ အရ MRCCI နှင့် CVT တို့သည် စွမ်းရည်မြှင့်အခြေခံ သင်ရိုးညွှန်းတမ်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သင်ကြားသူနှင့် ကျောင်းသားများအတွက် သက်မွေးပညာရေးနှင့် စက်မှုလုပ်ငန်းအတွေ့အကြုံများ မြှင့်တင်ရေး၊ အလုပ်သင်များအတွက် အလုပ်အကိုင်ချိတ်ဆက်မှု များလုပ်ဆောင်ရေး / အခွင့်အလမ်းများ တိုးချဲ့ရေး၊ လုပ်သားစျေးကွက်လိုအပ်ချက်များနှင့် ကိုက်ညီသော ပူးတွဲသုတေသနနှင့် အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ ထို့ပြင် မန္တလေးတိုင်း‌ဒေသကြီးအတွင်း သက်မွေးသင်တန်းများနှင့် ပရောဂျက်များ အကောင်အထည်ဖော်နိုင်ရန် CVT အတွက် MRCCI မန္တလေးရုံး၌ လိုအပ်သောနေရာ အထောက်အပံ့များ ပံ့ပိုးပေးရန်ဖြစ်ပါသည်။

ဤ နားလည်မှုစာချွန်လွှာကို MRCCI ဥက္ကဌ ဦးတင်လတ်နှင့် CVT Myanmar အမှုဆောင်အရာရှိချုပ် ဒေါ်ခင်မြတ်စန္ဒာ တို့ လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အသိသက်သေအနေဖြင့် MRCCI မှ စာရင်းစစ် ဦးညီညီချစ် နှင့် CVT Myanmar မှ ဒါရိုက်တာ ဒေါ်သွေးသွေးမောင်တို့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ နားလည်မှုစာချွန်လွှာသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည့် အရေးပါသော အခြေခံအုတ်မြစ်တစ်ရပ် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။